စားကြမလား ငါးခေါက်ဆွဲ

    Author: မိုးညိုသား Genre: »
    Rating

    စားကြမလား ငါးခေါက်ဆွဲ

    အိမ်ရှင်မရဲ့ ဟင်းလက်ရာအတွက် အစိမ်းရောင်လွင်ပြင်မှာ ဖော်ပြထားတဲ့ ဗန်မော် ငါးခေါက်ဆွဲခေါ် မျှစ်ချဉ်ခေါက်ဆွဲ ကိုပြန်လည် ဝေငှလိုက်ပါတယ်ရှင်။ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်တို့ရဲ့ ကမ်းဘေးမှာ တည်ရှိတဲ့ ဗန်းမော်မြို့ဟာ ငါးပေါလှတဲ့ မြို့ဖြစ်တာကြောင့် ငါးနိုင်းချင်းနဲ့ ချက်ထားတဲ့ ဗန်းမော်ရဲ့ ခေါက်ဆွဲဟာလည်း အလွန် နာမည် ကျော်လှပါတယ်။ ဗန်းမော်မြို့သူ မြို့သားတို့ဟာ ဧည့်သည်လာရင် ငါးခေါက်ဆွဲကို မဖြစ်မနေ လိုက်ကျွေးလေ့ရှိကြောင်း သိရပါတယ်။  ငါးခေါက်ဆွဲကို မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်တတ်ကြပါတယ်။ ထိုသို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက ခေါက်ဆွဲကို မျှစ်ချဉ်နဲ့ အဓိက စားကြတာဖြစ်တာကြောင့် မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်ကြခြင်း ဖြစ်ပါတယ်။   ၀ါသနာပါရင် ချက်စားကြည့်ကြဖို့ပါနော်။
    အဆပလာ မများလှတဲ့အပြင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူပြီး စားလို့လည်းကောင်းတဲ့ ငါးခေါက်ဆွဲချက်ဖို့ ပထမဦးစွာ ငါးခေါက်ဆွဲချက်ဖို့ ငါးကြင်းကို ကြက်သွန်ဖြူ၊ ဂျင်း ဆား အရသာမှုန့်စသည်တို့နဲ့ အရင်ဦးဆုံး ပြုတ်ပါတယ်။ ငါးကြင်းမရှိလဲ မိမိမှာ အဆင်ပြေတဲ့ငါးနဲ့ ချက်လို့ရပါတယ်။
    ထို့နောက် ပြုတ်ထားတဲ့ ငါးကို အသားနွင်ပါတယ်။ ငါးပြုတ်ထားတဲ့ အရည်ကို ဟင်းရည်အဖြစ် ပြန်လည်အသုံးပြုပါတယ်။

    ပြုတ်ပြီး အသားနွင်ထားတဲ့ ငါးအသားတွေကို ကြက်သွန်ဖြူနီ၊ ဂျင်း ၊ ငရုပ်ပွရေစိမ်ထောင်းပြီး ဆီသတ်ပါတယ်။ ကြက်သွန်နီကို ငါးအလေးချိန်နဲ့ဆတူ ထည့်ရတယ်လို့ ဆိုပါတယ်။ ထို့နောက် ဟင်းနှစ်ထဲ ဆား၊ ငံပြာရည် အရသာမှုန့် နှစ်သက်သလို ထည့်နိုင်ပါတယ်
ီ
    မျှစ်ချဉ်ကို နနွင်းမှုန့်၊ ဆား အရသာမှုန့်ထည့်ပြီး ပြုတ်ပါတယ်။ ဒါကတော့ ပြုတ်ပြီး မျှစ်ချဉ်ကို ငရုပ်သီး၊ နံနံတို့နဲ့ မွှေထားပါတယ်။ ခေါက်ဆွဲနဲ့ စားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
    ငရုပ်ဆီ၊ ကြက်သွန်ဖြူဆီချက် (ဆီအနီ၊ အ၀ါ) တို့ကို ချက်ပါတယ်။ ကြာညှို့ကြိုက်တတ်ရင် ထည့်နိုင်ပါတယ်။ နံနံပင်များကို ရေဆေးပြီး အသင့်ပြင်ဆင်ထားပါတယ်။ ငါးဖယ်ထည့်လိုက ငါးဖယ်ကြော်ထားဖို့ လိုပါတယ်။ ဒီငါးခေါက်ဆွဲမှာ ငရုပ်သီးအစိမ်းနဲ့ဆို မလိုက်ဖက်ဘဲ ငရုပ်သီးအခြောက်မှုန့်ကို မီးတူးအောင်လှော်မှသာ ပိုမိုလိုက်တယ်လို့ ဆိုပါတယ်။
    မိမိစားမဲ့ ဆန်ခေါက်ဆွဲဖြစ်စေ၊ ရေစိမ်ခေါက်ဆွဲဖြစ်စေ ပြုတ်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့ ဒေသ အခေါ်အဝေါ်တွေကို ပြောပြရရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့  ဆန်ပြားလို့ ရန်ကုန်မှာခေါ်တဲ့ ခေါက်ဆွဲမျိုးကို ဆန်ခေါက်ဆွဲလို့ ခေါ်ပြီး ရှမ်းခေါက်ဆွဲလို့ ခေါ်တဲ့ ခေါက်ဆွဲ အသေးလေးတွေကို ရေစိမ်ခေါက်ဆွဲလို့ ခေါ်ကြပါတယ်။ ပြုတ်ပြီးသားခေါက်ဆွဲဖတ်ကို ပန်းကန်ထဲထည့် ငါးဟင်းအနှစ်၊ ဆီကျက်၊ ဆား၊ အရသာမှုန့်၊ ငရုပ်သီး၊ နံနံ၊ ငါးဖယ်ညှပ်ထည့်လို့ ပြင်ဆင်လိုက်ရင် အဆင်သင့်စားလို့ရတဲ့ ငါးခေါက်ဆွဲ ရပါပြီ။
    ဆန်ခေါက်ဆွဲ အသုပ်
    အရည်နဲ့ကြိုက်သူများအတွက် ရေစိမ်( ရှမ်းခေါက်ဆွဲ) အရည်ဖျော်
    ငါးပြုတ်ရည်နဲ့ လုပ်ထားတဲ့ ဟင်းရည်ပါ။ ငရုပ်ကောင်းနဲ့ နံနံပင် ခတ်ထားတာပါ။
    ကြက်သား၊ ၀က်သား မစားသူများအတွက်လည်း အဆင်ပြေ သင့်လျော်တဲ့ ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲ ဖြစ်ပါတယ်။ မျှစ်ချဉ် မရှိတဲ့ အရပ်ဒေသမှာဖြစ်နေခဲ့လျှင်လည်း အခြားသော အချဉ်များဖြင့် စားသုံးနိုင်ပါတယ်။ သင်သာမျှစ်ချဉ်ကြိုက်တတ်သူ ဖြစ်ခဲ့ရင် မျှစ်ချဉ်များများနဲ့ ခေါက်ဆွဲပန်းကန်ထဲမှာ တစ်ခါတည်း နယ်ပြီး ငရုပ်သီးစပ်စပ်လေးနဲ့ စားရင် မိုးအေးအေးမှာ သိပ်လိုက်ဖက် စားကောင်းတဲ့ ခေါက်ဆွဲဖြစ်ပါတယ်လို့…
    မှတ်ချက်= အိမ်ရှင်မရဲ့ဟင်းလက်ရာ မှကူးယူဖော်ပြပါသည်

    Leave a Reply

    Blogger templates


    Blogger news

    အဝေးရောက်သံစဉ် သီချင်များတောင်းဆိုရန်

    Blogroll

    မိုးညိုသား မှ လာရောက်လည်ပတ်သူအပေါင်းအား အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ... အမှားအယွင်းတစ်စုံတရာ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်း...ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာ ချမ်းသာနိုင်ကြပါစေလို့ မိုးညိုသား မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ